လာရောက်လည်ပတ်သူအပေါင်းပျော်ရွှင်ကြပါစေ

Sunday, March 24, 2013

ငါကမိုးပါ

ငါကမိုးပါ  ....
ချစ်သူလေးရေ
ငါကမိုးဖွဲလေးပေမဲ့ 
မင်းကိုစင်ကြယ်စေပြီး.................အေးတယ်ဆိုရုံလေးပါ။
ချစ်သူလေးရေ
ငါကလေပြည်လေးဆိုပေမဲ့ 
မင်းကိုတဖြေးဖြေးလေးနဲ့ .............မွှေးတယ်ဆိုရုံလေးပါ။
ချစ်သူလေးရေ
ငါကလျှပ်စီးတစ်ခုဆိုပေမဲ့ 
မင်းရဲ့ အလှထင်ပေါ်အောင်................လင်းလက်ရုံလေးပါ။
ဒါပေမဲ့ 
နှစ်တိုင်းမှာ  ရာသီတွေက
အလှည့်ကျလည်ပတ်နေရတော့
မိုးဆိုတာ
မင်းအတွက်ခဏတာဘဲဖြစ်မှာပါ။

ကျေးဇူးပါချစ်သူ


ကျေးဇူးပါချစ်သူ
အိပ်မက်ရှိတယ်
ပန်းတိုင်ရှိတယ်
ပျော်ရွှင်မှုရှိတယ်
မင်းကြောင့်ပေါ့ချစ်သူ
ကျေးဇူးအများကြီးတင်ပါတယ်။

မချစ်တတ်သူ

မချစ်တတ်သူ
ငါချစ်သလောက်ပြန်မချစ်တတ်သူ
ငါကြင်နာသလောက်ပြန်မကြင်နာတတ်သူ
ငါတွယ်တာသလောက်ပြန်မတွယ်တာတတ်သူ
ငါမြတ်နိုးရသလောက်ပြန်မမြတ်နိုးတတ်သူ
ဒီလူ....................ငါ့ချစ်သူ။

Thursday, March 21, 2013

စိတ်ရွှင်လန်းအောင်

တစ်နေ့တာမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ အခိုက်အတန့်တို့ ကြုံတွေ့လာရင် ချက်ချင်း စိတ်ရွှင်လန်း သွားစေဖို့ အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ပြုံးပါ

ရယ်မောတာက စိတ်ဖိစီးမှုကို လျော့ ကျစေတဲ့ အကြောင်းတစ်ခုက သွေးစီး ဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးရောဂါ ဝေဒနာတွေကို လျော့ကျစေလို့ပါ။

ပန်းအိုးထားရှိပါ

ရနံ့သင်းပျံ့တဲ့ ပန်းပွင့်တွေ ထိုးထားတဲ့ ပန်းအိုးတစ်လုံးကို သင့်အနားမှာ ထား ရှိတာကြောင့် စိတ်ညစ်၊ စိတ်ပင်ပန်းမှု တွေ ပြေလျော့စေပြီး စိတ်ခံစားမှုကို ချက် ချင်း ကောင်းမွန်လာစေပါတယ်။

အိပ်ခန်းနှင့် ရေချိုးခန်းရှိ လိုက်ကာများကို တောက်ပသော အရောင်များ သုံးပါ

သင်အိပ်ရာနိုးနိုးချင်း စိတ်ပျော်ရွှင် ကြည်နူးမှု ရရှိစေဖို့ အိပ်ခန်းနဲ့ ရေချိုးခန်းလိုက်ကာတွေကို အရောင် တောက်ပတာ ရွေးပါ။

ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါ

သင့်ဘဝအဖော် ဒါမှမဟုတ် သင့်ချစ်သူနဲ့ တစ်နေ့မှာ မိနစ် ၂၀ ကြာ စကားပြောတာက သင့်ကို ပိုမို ပျော်ရွှင်ကျန်းမာလာစေပါတယ်။

အသက်ပြင်းပြင်းရှူပါ

အလုပ်လုပ်ရင်း စိတ်ဖိစီးလာရင် အလုပ်စားပွဲမှာ အသက်ပြင်းပြင်းရှူသွင်း၊ ရှူ ထုတ်လုပ်ပေးတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကြောင့် စိတ်တည် ငြိမ်သွားစေပြီး တစ်နေ့လုံး အလုပ်တွင် ကျယ်နေစေပါတယ်။

ရေခဲစိမ် သစ်သီးဖျော်ရည် သောက်ပါ

သင်ကြိုက်တဲ့ သစ်သီးကို အဆီ ထုတ်ထားတဲ့ နို့နဲ့ ရောမွှေပြီး ရေခဲထည့်ကာ သောက်ပေးပါက စွမ်းအင်အဆင့် ကို ချက်ချင်း မြင့်တက်လာစေပါတယ်။

ခေါင်းဖြီးပြီး အလှပြင်ပါ

ဆံပင်ကို တင်းကျပ်အောင် စုချည်ပြီး ဖိုသီဖတ်သီနေတာကြောင့် ခေါင်းကိုက် စေနိုင်ပါတယ်။ စိတ်စွမ်းအင် မြင့်တက်လာစေဖို့ ခေါင်းဖြီးပြီး အလှပြင်လိုက်ပါ။

ရိုးရာလေး

အိမ်ထဲမှာပဲ နေရသူတို့အတွက် ကိုယ်အလေးချိန် ကျစေမည့်နည်းလမ်းများ

အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်ကုန်ရတဲ့ သူတွေ အနေနဲ့ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးဆိုရင် သင့်အိမ်တွင်းမှာပဲ ကိုယ်အလေးချိန် ကျစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး စာစောင်များဖတ်ခြင်း

ကျန်းမာရေးဂျာနယ်နဲ့ မဂ္ဂဇင်းတွေ ကို ဖတ်ပေးဖို့ လေ့လာသူတွေက အကြံပြုထားပါတယ်။ စာစောင်တွေထဲမှာ နာမည်ကျော် မင်းသမီး တွေရဲ့ ကိုယ်အလေးချိန် ကျစေတဲ့ နည်းလမ်းတွေနဲ့ ကိုယ်ကြိုက်နှစ် သက်တဲ့ အနုပညာရှင်တွေရဲ့ လှပတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို မြင်တွေ့နေရတာကြောင့် ကိုယ်အလေးချိန် ကျစေတဲ့ နည်းလမ်းတွေ ကို လိုက်နာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ဆိုင်တဲ့ အလေ့အကျင့် ကောင်းတွေကိုလည်း ဗဟုသုတ ရရှိစေနိုင်တာကြောင့် ပါ။ လေ့လာမှုတွေအရ ကျန်းမာရေး စာစောင်တွေကို ပုံမှန်ဖတ်သူတွေ ဟာ ကိုယ်အလေးချိန် တက်စေမယ့်အစားအစာ၊ ကိုယ်အလေးချိန် ကျစေမယ့် အစားအစာ စတာတွေကို နားလည် လိုက်နာနိုင်တာကြောင့်လို့ ဆိုပါတယ်။

စကိတ်စီးခြင်း

အိမ်ထဲမှာတော့ စကိတ်စီးလို့မရဘူး လို့ သင်ထင်နိုင်ပါတယ်။ နှင်းစကိတ်စီးသလိုမျိုး လမ်းကြောင်းတစ်ခုဖန်တီးပြီး အဲဒီလမ်းကြောင်ပေါ်မှာ စကိတ်ဖိနပ်တစ် ရန်နဲ့ စကိတ်စီးသလို့ သွားချည်၊ ပြန်ချည် လှည့်ပတ်ကစားတာကြောင့် သင့်ဝမ်း လျစ်စေပါတယ်။ မိနစ် ၂၀ လောက် လေ့ ကျင့်ပေးရင် ၄၂၅ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။

အပြေးလေ့ကျင့်ခြင်း

အိမ်ထဲမှာ၊ ပြေးစက်ပေါ်မှာ လေ့ ကျင့်တာမျိုးနဲ့ ခြံဝင်းထဲမှာ ပတ်ပြီးပြေး တာမျိုးလို အပြေးလေ့ကျင့်မှုမျိုးပါ။ နေရာအကျယ်ကြီး ရှိစရာမလိုပါဘူး။ အပြေး လေ့ကျင့်တာမျိုးက ခြေထောက်၊ တင်ပါး၊ နဲ့ ပေါင်တံက အဆီပိုတွေကို အလွယ် တကူလောင်ကျွမ်းစေနိုင်ပါတယ်။ ခြေဖဝါးရဲ့ လှုပ်ရှားမှုနဲ့ အတူ ခြေထောက်အ ကွေးအဆန့်ပြုလုပ်ရင်း အပြေးလေ့ကျင့် မှုကို ပြုလုပ်နိုင်ပါတယ်။ မိနစ် ၃၀ လောက် အပြေးလေ့ကျင့်ချိန်မှာ ၃၇၄ ကယ်လိုရီ လောက် လောင်ကျွမ်းစေပါတယ်။

ကြိုးခုန်ခြင်း

ကြိုးတစ်ချောင်းနဲ့ ခြေထောက်ကို စုံခုန်တာမျိုး၊ တစ်ချောင်းချင်းခုန်တာမျိုး တွေကို ပြုလုပ်ပေးပါ။ လက်ဝှေ့အားကစား အခြေခံ စလေ့ကျင့်သူတွေ အနေနဲ့ ကြိုးခုန်လေ့ကျင့်မှုကို စတင်လေ့ရှိကြပါ တယ်။ နောက်ပြီး ကြိုးမပါဘဲလည်း ကြိုး ခုန်တဲ့ပုံစံမျိုး ခြေထောက်တွေကို လှုပ်ရှားပြီး ခုန်ပေးတာကလည်း တူညီတဲ့ အကျိုးကို ရရှိစေနိုင်ပါတယ်။ မိနစ် ၃၀ လောက် ကြိုးခုန်လိုက်ရင် ၃၄၀ ကယ်လိုရီအထိ လောင်ကျွမ်းစေနိုင်ပါတယ်။

တင်းနစ်ရိုက်ခြင်း

တင်းနစ်ရိုက်တာက လူတစ်ယောက် အပိုရှိမှ ကစားလို့ရတယ်ဆိုပေမယ့် နံရံ ကို တစ်ဖက်က ရိုက်လိုက်ပြီး ပြန်ကန် ထွက်လာတဲ့ ဘောလုံးကို ကိုယ်က ပြန် ရိုက်တဲ့ ကစားနည်းမျိုးနဲ့လည်း တစ် ယောက်တည်း ကစားလို့ရပါတယ်။ ဒီက စားနည်းက တစ်နေရာတည်းမှာ ရပ်နေရတဲ့ ကစားနည်းမျိုး မဟုတ်ဘဲ ဘောလုံးရဲ့ လားရာကို အပြေးအလွှားကစားရတဲ့ ကစားနည်းမျိုးဖြစ်တာကြောင့် သင့်ခန္ဓာ ကိုယ်တစ်ခုလုံးကို လှုပ်ရှားနေရတဲ့ ကစားနည်းမျိုး ပဲဖြစ်ပါတယ်။ မိနစ် ၃၀ လောက် ကစားလိုက်ရင် ၂၇၂ ကယ်လိုရီ လောင် ကျွမ်းစေပါတယ်။

ကခုန်ခြင်း

ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုမျိုးပါ။ အိမ်မှာ မြူြးွကတဲ့တေးသီချင်းတွေ ဖွင့်ပြီး ကခုန်တာမျိုး၊ အကသင်တန်းနည်းပြတွေ ကတာကို အခွေဖွင့်ပြီး လိုက်ကတာမျိုး လို ပြုလုပ်တာက သွေးလည်ပတ်မှုကောင်း စေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ကောင်း မွန်စေပါတယ်။ သင်ကြိုက်နှစ်သက်တဲ့တေး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး စည်းချက်ညီညီ လှုပ်ရှားကာ ကခုန်တာမျိုးတွေက သင့်ကို သက်သောင့်သက်သာဖြစ်စေမှာပါ။ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားကာ ကခုန်ရတာ မျိုးဖြစ်ပြီး မိနစ် ၃၀ ကခုန်ချိန်မှာ ၂၂၁ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။

လမ်းလျှောက်ခြင်း

လမ်းလျှောက်တာက တကူးတက အချိန်ပေးပြီး ပြုလုပ်စရာမလိုတဲ့လေ့ ကျင့်ခန်းပါ။ အိမ်တွင်းမှာ အိမ်မှုကိစ္စတွေ ပြုလုပ်ရင်း လမ်းလျှောက်နေရ တာပါပဲ။ ဟင်းချက်ချိန်မှာ မတ်တတ်ရပ်ချက်ရင်း ဟင်းခတ်အမွှေးအကြိုင်နဲ့ ဟင်းချက်ချိန် သုံးတဲ့ပစ္စည်းတွေကို သွားရင်းလာရင်းယူ တာကြောင့် လမ်းလျှောက် လေ့ကျင့်မှုဖြစ် နိုင်ပါတယ်။ အဝတ်လှန်းတာမျိုး၊ ဈေး ထွက်ဝယ်ချိန် လမ်းလျှောက် သွားတာမျိုးလို တွေက လမ်းလျှောက် လေ့ကျင့်ခန်းပါပဲ။ အိမ်မှာ လမ်းလျှောက်စက်နဲ့လည်း လျှောက်နိုင်ပါတယ်။ မိနစ် ၃၀ လမ်း ပုံမှန်လျှောက်နေကျ ပုံစံအတိုင်းလျှောက် ချိန်မှာ ၁၇၀ ကယ်လိုရီလောက်လောင် ကျွမ်းနိုင်ပါတယ်။

ရိုးရာလေး

ဖရဲသီးနဲ့ Diet လုပ်နည်း

ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး
ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅၀ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။

မှတ်ဉာဏ်ကောင်းစေတယ်
မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ်
ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ်
ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ ကျစေပါတယ်။

သွေးတိုးအတွက်
သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့ တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့ နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း
ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက် ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊ နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner
ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။ စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ်
ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ် အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

နွေဦးအစားအစာ
ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။


seinpanpyar

နှလုံးသွေးကြောစနစ်ကိုအကာအကွယ်ပေးမည့်အစားအစာများ

ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဟာ ကျွန်မတို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေနဲ့ အများကြီးဆက်စပ်နေပါတယ်။ အစားမှားလို့ နေထိုင်မကောင်း ဖြစ်တာ၊ အစားများလို့ မအီမလည်ခံစားရတာ၊ မသန့်ရှင်းတဲ့ အစာစားမိလို့ အစာအဆိပ် သင့်တာစတဲ့ ပြဿနာတွေဟာ အစားအစာနဲ့ ကျန်းမာရေး ဆက်စပ်နေကြောင်း အကောင်းဆုံးသာဓကတွေပဲ မဟုတ်ပါလား။

အောက်ပါ အစားအစာတွေဟာ နှလုံးနဲ့ သွေးကြောတွေကို ကာကွယ်ပေးမယ့် အဓိက အာဟာရတွေဖြစ်တာကြောင့် နေ့စဉ် နံနက်စာ၊ နေ့လယ်စာနဲ့ ညစာထဲမှာပါဝင်အောင် ထည့်သွင်းစားကြပါစို့လား။

(၁) ဆယ်လမွန်ငါး

ရရှိမည့် အာဟာရဓာတ်
အိုမီဂါသရီးဖက်တီးအက်စစ်။

ဟင်းလျာပြင်ဆင်နည်း
ဆယ်လမွန်ငါးကို သား၊ ငါးနူးညံ့ကာ အရသာတိုးစေတဲ့ Marinate အရည်စိမ်ကာ ကင်ပါ။ ပြီးရင် အတုံးသေးတွေတုံးကာ ခေါက်ဆွဲနဲ့ရောစားတာမျိုး ဒါမှမဟုတ် အရွက်သုပ်ထဲ ထည့်စားတာမျိုး ပြုလုပ်ပေးပါ။

(၂) နှမ်းကြတ်စေ့

ရရှိမည့် အာဟာရဓာတ်
အိုမီဂါသရီးဖက်တီးအက်စစ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုအီစထရိုဂျင်။

ဟင်းလျာပြင်ဆင်နည်း
နှမ်းကြတ်စေ့ကို အစားအသောက်မျိုးစုံထဲ အလွယ်တကူ ထည့်စားနိုင်ပါတယ်။ ဒိန်ချဉ်၊ နံနက်စာကွေကာ၊ ကွတ်ကီးမုန့်စတာတွေထဲ ထည့်စားပါ။

(၃) အုတ်ဂျုံ

ရရှိမည့် အာဟာရဓာတ်
အိုမီဂါသရီးဖက်တီးအက်စစ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ ဒိုင်ယာစင်၊ ကယ်လ်စီယမ်နဲ့ ပျော်ဝင်တဲ့အမျှင်ဓာတ်။

ဟင်းလျာပြင်ဆင်နည်း
အုတ်ဂျုံ (Oatmeal) ပါတဲ့ ကွတ်ကီးမုန့်တွေကို Citymart ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ နံနက်စာမှာ အုတ်ဂျုံကွတ်ကီးမုန့် စားပေးပါ။

Ref: Good Health

ပိန်ချင်လို့ အစားလျှော့ရင်

အဝလွန်ရင် လှုပ်ရှားသွားလာရာမှာ လေးလံပြီး ခန္ဓာကိုယ်အလှအပကို ထိခိုက်စေရုံသာမက ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ပြင်းထန်ဆိုးရွားတဲ့ ရောဂါကြီးတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများပြီး ဝနေရင် အလွန်အကျွံအဝလွန်တဲ့အထိ ဖြစ်မလာခင် အစားလျှော့ပြီး ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။

ဘယ်လို အစားလျှော့မလဲ

သကြားပါဝင်မှုများတဲ့ အစာတွေဟာ သင့်ကိုယ်အလေးချိန်ကို တက်စေပါလိမ့်မယ်။ ချိုလွန်းတဲ့ အစာတွေကို ရှောင်ပါ။

အဆီပါဝင်မှုများလွန်းတဲ့ အစာတွေကလည်း ကယ်လိုရီအများကြီးရရှိစေပြီး သင့်ကိုဝစေမှာ ဖြစ်တဲ့အတွက် ရှောင်ပါ။

ကာဗိုဟိုက်ဒရိတ်များလွန်းတဲ့ အစာတွေကိုလည်း လျှော့စားရပါမယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာ (Fast Food) တွေကိုလည်း မှန်မှန်စားနေရင် ဝလာပါလိမ့်မယ်။

သင်ဟာ အထက်ပါအစာတွေကို လျှော့စားသင့်ပေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစာတွေကိုတော့ လုံလောက်အောင် စားဖို့လိုပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ များများစားပေးသင့်ပါတယ်။ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ်တွေကို လုံလောက်အောင် စားသောက်ပေးပါ။

အကျိုးကျေးဇူး

မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အစားလျှော့ရင် -

သင့်ခန္ဓာကိုယ်ကို သွယ်လျလှပလာစေပါလိမ့်မယ်။

ကျန်းမာရေးကောင်းစေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာသုခကို ခံစားရပါမယ်။

အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

ခန္ဓာကိုယ် ပိုမိုကြံ့ခိုင်သွက်လက်လာပါလိမ့်မယ်။

အနာရောဂါတွေဖြစ်ရင် မြန်မြန်အနာကျက်ပြီး ပြန်ကောင်းနိုင်ပါတယ်။

စွမ်းအင်ပိုရှိလာပါမယ်။

ရောဂါပိုးတွေကို ဆန့်ကျင်တွန်းလှန်နိုင်စွမ်း ပိုကောင်းလာပါတယ်။

ကျန်းမာရေးကောင်းဖို့အတွက် မျှတတဲ့ အစာအာဟာရတွေကို မရှိမဖြစ် လိုအပ်ပါတယ်။ ပိန်ချင်လို့ အစားလျှော့မယ်ဆိုပြီး ဘာမှ မစားမသောက်ပဲ နေရင်တော့ ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် ပိန်ချင်လို့ အစားလျှော့ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကိုသာ လျှော့သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစာအာဟာရ တွေကိုတော့ မျှတအောင် စားပေးသင့်တဲ့အကြောင်း အကြံပြု လိုက်ရပါတယ်။

Ref : Good Health

ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို
လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..


ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'


"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …


'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။


ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် ..


အရမ်းနှစ်သက်ပြီး ဖေ့ဘွတ်မှာဒီစာလေးဖတ်မိလို့ စိတ်ငြိမ်းချမ်းခဲ့ ရလို့ ပါ

ဒေါသမဖြစ်ခင် အရင် ....

တစ်ခါတုန်းက အရမ်းဒေါသထွက်လွယ်တဲ့ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့အဖေက သူ့ကို တူတစ်ချောင်းနဲ့ သံတွေထည့်ထားတဲ့အိတ်တစ်အိတ်ပေးပြီး ပြောတယ် ။ “ သား မင်း ဒေါသထွက်လာတဲ့အခါ မင်းကိုယ်မင်း မထိမ်းနိုင်တဲ့အခါမျိုးမှာ အိမ်ဘေးက ခြံစည်းရိုးမှာ သံတစ်ချောင်းသွားရိုက်ပါ ”

ပထမရက်မှာ ကောင်လေးဟာ ခြံစည်းရိုးမှာ သံ ၃၇ ချောင်းရိုက်ခဲ့တယ် ။ ဒီလိုနဲ့ နောက် တစ်ပတ်လောက်မှာ သူဟာ သူ့ဒေါသကို တဖြည်းဖြည်း ဘယ်လိုထိမ်းရမယ်ဆိုတာ သိလာခဲ့တယ် ။ တဖြည်းဖြည်း ခြံစည်းရိုးမှာ ရိုက်ရတဲ့ သံချောင်းအရေအတွက်ကလည်း နည်းလာခဲ့တယ် ။ ကောင်လေးဟာ တဖြည်းဖြည်းနဲ့ ခြံစည်းရိုးကို သံချောင်းတွေရိုက်ရတာထက် သူ့ဒေါသကို ထိမ်းရတာ ပိုလွယ်ကြောင်းသိလာခဲ့တယ် ။ နောက်ဆုံးမှာတော့ ခြံစည်းရိုးမှာ သံတစ်ချောင်းမှ မရိုက်တဲ့နေ့ ၊ သူဒေါသလုံးဝမထွက်တဲ့နေ့ ရောက်လာခဲ့တယ် ။ သူဟာ အဲဒီအကြောင်း သူ့အဖေကိုပြောခဲ့တယ် ။ အဲဒီအခါ ကောင်လေးရဲ့အဖေက ကောင်လေးကို ခြံစည်းရိုးနားခေါ်သွားပြီး တစ်နေ့ခြင်းစီမှာ သူရိုက်ခဲ့တဲ့သံတွေကို ပြန်နှုတ်စေခဲ့တယ် ။ ဒီလိုနဲ့နောက်ဆုံးမှာတော့ ကောင်လေးက သံတွေ အကုန်နှုတ်ပြီးပြီဖြစ်တဲ့အကြောင်း သူ့ဖခင်ကို ပြောခဲ့တယ် ။ အဲဒီအခါ သူ့ဖခင်က ကောင်လေးကို တဖန်ခြံစည်းရိုးနားခေါ်သွားပြီးပြောခဲ့တယ် ။

“ ငါ့သား မင်းကောင်းစွာလုပ်နိုင်ခဲ့တာပဲ ကဲ အခု ခြံစည်ရိုးတိုင်တွေကိုကြည့်လိုက်ပါဦး အရင်ခြံစည်းရိုးမဖြစ်နိုင်တော့ဘူးသား သံစိုက်ခဲ့တဲ့အရာတွေက မင်းရဲ့ဒေါသတစ်ခုဖြစ်ခဲ့မယ်ဆိုရင် မင်းဟာ ဒေါသတစ်ခါဖြစ်တိုင်း လူတစ်ဦးအပေါ်မှာ ဒီလို ဒါဏ်ရာ အမာရွတ်တွေရစေမှာအမှန်ပဲ ”

########################

သင်ဟာ ဓါးတစ်လက်နဲ့ လူတစ်ဦးကိုထိုးလိုက်တယ်ဆိုပါစို့ ။ ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ မှားပါတယ်လို့ တောင်းပန်လဲ သူ့ဆီမှာ ဒါဏ်ရာကတော့ရသွားခဲ့ပါပြီ ။

သင် တောင်းပန်ပါတယ်လို့ နောက်တစ်ကြိမ် လူတစ်ဦးကို မပြောရသေးခင် သင့်ရဲ့ ဒေါသတွေကို အရင်ထိမ်းချုပ်လိုက်ပါ ။

ကျွန်တော်တို့ ဒေါသတစ်ခါထွက်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ၊ မိဘ ဆွေမျိုးတွေအပေါ်မှာ ပြုမူလိုက်တိုင်း ခြံစည်းရိုးပေါ်က သံရိုက်တဲ့ဒါဏ်ရာတွေအတိုင်း ပြန်နှုတ်လိုက်ပေမယ့်လည်း သူတို့စိတ်တွေမှာတော့ ဒါဏ်ရာတွေ ရသွားမှာအမှန်ပါပဲ ။

ဒေါသမဖြစ်ခင် အရင် - - အသိစိတ်ကလေးနဲ့ထိမ်းချုပ်ကြပါစို့ ။

သက်တန့်ချို
March 13-2012

Temper Control အားဘာသာပြန်ခံစားသည် ။

ချစ်သူ နင်က တစ်ခြားသူတွေလို လက်ဆောင်တွေ
အများကြီး မပေးနိုင်လို့ အားမငယ်ပါနဲ့ ငါ ချစ်တာ နင့်ရဲ့ စည်းစိမ် ဥစ္စာတွေနဲ့ လက်ဆောင်တွေ မဟုတ်ပါဘူး....


ချစ်သူ နင်က တစ်ခြားသူတွေလို အရမ်းကိုလှပနေတဲ့သူ
မဟုတ်လို့  ငါက ထားသွားမလားဆိုပီး စိုးရိမ်မနေပါနဲ့ ...ငါရွေးချယ်
ခဲ့တဲ့ နင်ကို ရုပ်ရည်လှပမှုကြောင့်ရွေးချယ်ခဲ့တာမဟုတ်ပါဘူး....


ငါရွေးချယ်ခဲ့တဲ့ နင်က ငါရဲ့ ထာဝရချစ်သူပဲလေ
ငါ့အတွက်လိုအပ်တာက နင့်ရဲ့ စစ်မှန်တဲ့ အကြင်နာမေတ္တာတွေနဲ့ 
ဘ၀တစ်ခုလုံး ကြင်နာစွာ လက်တွဲသွားနိုင်မဲ့ နင့်ရဲ့ 
အချစ်စစ်တွေနဲ့ သစ္စာတရားတွေပါ ချစ်သူရယ်...........


နင့်တစ်ယောက်အပေါ်မှာ ဘယ်တော့မှပြောင်းလဲမသွားမဲ့
အချစ်စစ်တွေနဲ့  ....ထာဝရဆိုတာထက် အမြဲတမ်း ပိုချစ်သွား
မှာပါ........ ချစ်သူရယ်


♥ ♥ ♥ I LOVE U TOO MUCH ♥ ♥ ♥

khin myo aye

အေးချမ်းမွန်မှ ( Poem ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ဆေးဖက်ဝင်တဲ့ မရမ်းသီး

မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်း ပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စား ပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေ နိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ် ခြင်းဖြင့် ပိုလျှံ နေသော အဆီများကို ချေဖျက် နိုင်သည်။

အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြု နိုင်သည်။

http://on.fb.me/XDbZSD

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ ပေါက်တဲ့ အခါ ဝက်ခြံ ပျောက်သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန် ရစ်တတ် ပါတယ်။

တစေးဟာ ဘက်တီးရီးယား ပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီး အရည်က အမည်းစက်နဲ့ အပြစ်အနာ အဆာ တွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ

-ဘီယာချက်ရာတွင် သုံးတဲ့တစေး

-လီမွန်သီး အရည်၊

-ရေ

ပြုလုပ်နည်း

-ဘီယာချက်တဲ့ အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီး အရည် တစ်စက်၊ ရေသင့်တင့်ရုံ ပမာဏနဲ့ ရောလိုက်ပါ။ ဝက်ခြံနဲ့ အပြစ်အနာ အဆာ တွေပေါ် လိမ်းပြီး ၁၀ မိနစ် လောက်ထားပါ။

ပင်စိမ်းရွက် တိုနာ

ဒီနည်းဟာ ဝက်ခြံ ပေါက်လွယ်တဲ့ အရေပြား အတွက် အထူး သင့်တော်ပါတယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ် အာနိ သင်ရှိပြီး ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီသို့ သွေးလှည့်ပတ်မှုကို ကောင်းမွန် စေပါတယ်။

ပါဝင်ပစ္စည်းများ

-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊

-ရေနွေးတစ်ခွက်၊

ပြုလုပ်နည်း

-ခြောက်သွေ့တဲ့ ပင်စိမ်းရွက် တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေး တစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင် ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက်ဖျန်းပေးပါ။ မျက်နှာ သန့်စင်ပြီးတိုင်း မျက်နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။

( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )

http://on.fb.me/14bZP6P

သော်တာမောင်

မြ၀တီ

မိန်းကလေးအတွက် ဘဝဒဿန

မိန်းကလေးအတွက် ဘဝဒဿန

(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

from NNSN blog (Friday, May 20, 2011)
.

Wednesday, March 20, 2013

အသက်ရှင်နေသ၍ ငါ့မှာကြိုးစားခွင့်ရှိတယ်

မသေမချင်းမှတ်ထား . . . 
 ကိုယ်သေခါနီးတိုင်း(စိတ်ဓါတ်ကျခါနီးတိုင်း) ဒီပုံကို မြင်ယောင်လိုက် . . .
 ဖြစ်နိုင်ရင် ဒီပုံကို A4 စာရွက်နဲ့ Print ထုတ်၊
 ကဒ်လောင်းပီး အိမ်နံရံမှာချိတ်ထားဖို့တောင်ကောင်းတယ် . . .

နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး

နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး


၁။ ဟင်းနုနယ်ရွက်
မျက်ကွင်းညိုတာကို လျော့နည်းစေတယ်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဟင်းနုနယ်ရွက်မှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လူတင်းဓာတ် ပါဝင်ပါတယ်။ လူတင်းက မျက်စိအားကောင်းပြီး ကျန်းမာစေရုံသာမကဘဲ အရေပြားစိုစွတ်မှုနဲ့ ဆွဲဆန့်အားတွေကို ထိန်းထားပေးနိုင်တယ်။ ဖရီးရေဒီကယ်တွေရဲ့ ဖျက်ဆီးမှုမှ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်တွေကို လတ်တလော လေ့လာမှုတွေအရ သိရပါတယ်။

ဘယ်လိုအာနိသင်ပေးစွမ်းသလဲ

ဟင်းနုနယ်ရွက်မှာ ဗီတာမင် ကေနဲ့စီတွေ များစွာပါဝင်တာကြောင့် မျက်လုံးအောက်မှာ ဖြစ်တတ်တဲ့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ မျိုးရိုးလိုက်တာ စတဲ့မျက်ကွင်းညိုစေတဲ့ အကြောင်းရင်းတွေ များစွာရှိပေမယ့် အဓိက အကြောင်းကတော့ မျက်လုံးတစ်ဝိုက် သွေးလှည့်ပတ်မှု နည်းတာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဗီတာမင် ကေနဲ့စီ များစွာပါဝင်တဲ့ ဟင်းနုနယ်ရွက် စားပေးပါက သွေးလှည့်ပတ်မှု ကောင်းစေပြီး သွေးကြောနံရံတွေကို အားကောင်းစေပါတယ်။

၂။ ကမာကောင်

အသားအရေ ဖြူဖျော့ဖျော့ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်

ကမာကောင်က သင်ရဲ့အလှတရား ပြီးပြည့်စုံဖို့ အထောက်အပံ့ ပေးပါတယ်။ သင့်အသားအရေက ဖြူတာမျိုးမဟုတ်ဘဲ ဖြူဖျော့ဖျော့ ဖြစ်နေတာ ဒါမှမဟုတ် မျက်ကွင်းညိုနေတာ ခန္ဓာကိုယ်မှာ ဗီတာမင်ဘီ ၁၂ နဲ့ သံဓာတ်တွေ ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေရင်တော့ သွေးအားနည်း ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်လိုအာနိသင် ပေးစွမ်းသလဲ

ကမာကောင်မှာ ဗီတာမင်ဘီ ၁၂၊ သံဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်တွင်းမှာ သွေးအား ကောင်းလာစေပါတယ်။ ပင်လယ်ကျောက်ပွင့်၊ ယောက်သွား၊ ခရု စတာတွေကလည်း ကမာကောင်လိုပဲ အကျိုးများစေပါတယ်။

၃။ ကြက်သွန်ဖြူ

ဝက်ခြံကြောင့် ရောင်ရမ်းခြင်းမှ ကာကွယ်ပေးတယ်

ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင်၊ သွေးတွင်း သန့်ရှင်းစေကြယ်စေတဲ့ အာနိသင်နဲ့ ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးပါတယ်။ ကြက်သွန်ဖြူကို အိမ်တွင်းမှာ အလွယ်တကူ ရရှိနိုင်ပြီး ဝက်ခြံကုသရာမှာလည်း ထိရောက်မှု ရှိပါတယ်။

ဘယ်လိုအာနိသင် ပေးစွမ်းသလဲ

ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ထောပတ်သီး

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးတယ်

ထောပတ်သီးမှာ အဆီများတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မပြည့်ဝဆီတွေဖြစ်ပြီး အသားအရေကိုလည်း လှပစေပါတယ်။

ဘယ်လိုအာနိသင် ပေးစွမ်းသလဲ

ထောပတ်သီးမှာ အိုမီဂါ-၃ အဆီပါဝင်ပြီး အသားအရေ စိုပြည်စေပါတယ်။ အရေပြား တင်းရင်းစေတဲ့ ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးပြီး အရေးကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ထောပတ်သီးရဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်က ဝက်ခြံဖြစ်ပွားမှုနဲ့ ဆိုရီရေးစစ် အရေပြားရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ဗီတာမင်အီး ပါဝင်တာကြောင့် အသားအရေ လှပစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ငှက်ပျောသီး

ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ထိန်းညှိပေးတယ်

ခန္ဓာကိုယ်က ရေကို ပြန်ဆွဲထားတာကြောင့် ဝမ်းဗိုက်မှာ လေပွတာကို ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါတင် မကသေးပါဘူး။ သင့်မျက်နှာ ဖောင်းအစ်တာ၊ မျက်အိတ်ရောင်တာတွေပါ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ ပိုတက်စီယမ်နည်းပြီး ဆိုဒီယမ် (ဆား) များနေပါက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ရေတွေ အပြင်ပြန်မထွက်ဘဲ ခန္ဓာကိုယ်က ပြန်ဆွဲထားတတ်ပါတယ်။ ငှက်ပျော်သီးက ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပြီး ခန္ဓာကိုယ်မှာ ရေဆွဲအားကို ထိန်းညှိပေးပါတယ်။

ဘယ်လိုအာနိသင် ပေးစွမ်းသလဲ

ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ငှက်ပျောသီး စားပေးပါက ခန္ဓာကိုယ်မှာ ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပါတယ်။ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ သင်္ဘောသီးတွေကနေလည်း ပိုတက်စီယမ်ကို ရရှိနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
ref:Good Health

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်

ကျွန်မတို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင်
ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊
လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ
လိုအပ်ပါတယ်ရှင်။ တစ်နေ့က ကျွန်မရဲ့ Mail Box ထဲကို ရောက်လာတဲ့ Forward
Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်ရှင်။ အရေးကြီးတဲ့ အချက် 40 တိတိကို
ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2012 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward
လုပ်လိုက်ပါတဲ့။

ရူးသွပ် သူ

ချစ်သူ..
ကြယ်ကြွေတွေကို ငေးကြည့်ရင်း
လေထဲတိုက်ဆောက်ခဲ့သူက
ငါတဲ့လား..။

လူတွေက
လက်ညိုးတွေနဲ့
ဝိုင်းထိုးကြတယ်..
မင်းက အချစ်အတွက်
သိပ်ရူးတဲ့ ကောင်တဲ့..။

တကယ်ဆို..
ငါ့က အချစ်ကို စပြီးကိုးကွယ်ခဲ့တာ မဟုတ်ဘူး
နှလုံးသားရဲ့ တောင်းဆိုချက်အောက်မှာ
အချစ်က ငါ့အတွက် ကိုးကွယ်စရာဖြစ်ခဲ့တာလေ..

စကားလုံးတွေနဲ့
မနီးစပ်နိုင်မှန်းတော့သိတယ်..
ဒါဆို
ဒီရင်ခုန်သံတွေကို
ဘယ်လို ထိန်းရမလဲ..။

ငါ့မှာ
စိတ်ကူးတွေရှိတယ်
အိမ်မက်တွေရှိတယ်..
မ၀ံ့မရဲ မျှော်လင့်ချက်တွေလဲ ရှိပါတယ်..

ဒီလိုနဲ့
နင့်အပေါ် သိပ်ချစ်မိတဲ့
ငါ့နှလုံးသားကို
နောက်ဆုတ်လို့ မရဘူးဆိုတာ
ငါယုံကြည်မိတဲ့နောက်မှာ..

ကြယ်ကြွေတွေကို ငေးကြည့်ရင်း
လေထဲတိုက်ဆောက်ခဲ့သူက
ငါလားဟာ...။


(လွမ်းဝေ)

မိမိစိတ်ကို ပျော်ရွှင်အောင်နေနည်း

ပျော်ရွှင်ခြင်းက ဖျားနာတာတွေကို ကုစားနိုင်သတဲ့။
အမြဲစိတ်ညစ်၊ ဝမ်းနည်းနေသူတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်၊ သူ့စိတ်ဓာတ်ကို ဖျားနာ၊ ပျက်စီးစေပါတယ်။

အောက်ပါအချက်တွေက လူတစ်ယောက်ကို ပျော်ရွှင်ကျန်းမာစေတဲ့ အကြံပြုချက်တွေဖြစ်တယ်။

(၁) မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်က မှောင်မိုက်တဲ့လောက,ကနေ သင့်ကိုဆွဲထုတ်နိုင်တယ်ဆိုတာကို ယုံပါ။

(၂) လုပ်ချင်တဲ့အရာတွေကို ချရေးပြီး ဒီကနေ့ပဲ စလုပ်လိုက်ပါ။ အဝတ်အစားဝယ်တာပဲဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ် ညည်းဆိုတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားကြည့်တာပဲ ဖြစ်ဖြစ်၊ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ် လုပ်ချင်တာကို လုပ်လိုက်ပါ။

(၃) တစ်ဘက်သားကို အပြုံးနဲ့ကြိုပါ။ ကောင်းတာလေးတွေ လုပ်ပေးလိုက်ပါ။

(၄) ကျန်းမာရေး လိုက်စားပါ။

(၅) ကျန်းမာတဲ့ အဟာရအစားအစာကို စားပါ။

(၆) စိတ်ညစ်၊ စိတ်ရှုပ်စရာအတွေးတွေကနေ အာရုံပြောင်းပါ။

(၇) ပက်ပက်ဟက်ဟက် အော်ရယ်လိုက်ပါ။ ဒါမှမဟုတ် သီချင်းကျယ်ကျယ် အော်ဆိုလိုက်ပါ။

(၈) ကိုယ့်ကိုယ် လှလှပပ၊ သန့်သန့်ရှင်းရှင်း ပြင်ဆင်ပါ။ သင့်စိတ်ဓာတ်ကို လန်းဆန်းစေပါတယ်။

(၉) မပြောင်းလဲတဲ့ နေ့စဉ်ဘဝ၊ အကျင့်ကို ပြောင်းလဲကြည့်ပါ။ သင့်ဘဝကို အရောင်စုံလေးတွေနဲ့ တောက်ပဆန်းကြယ်ပါစေ။

(၁ဝ) ကိုယ့်ကိုယ်ပျော်ရွှင်စေသူနဲ့ ပေါင်းဖက်ပါ။ သူတို့က သင့်ရင်ထဲကို ပျော်ရွှင်မှုတွေ ဖြည့်ပေးပါလိမ့်မယ်။

(၁၁) ရယ်မောစရာ ဟာသကားတွေကြည့်ပါ။ စာတွေဖတ်ပါ။

ပျော်ရွှင် ရယ်မောစရာတွေနဲ့ ရင်ထဲက စိတ်ရှုပ်စရာ အဖုအထစ်တွေကို ဖြည်တာဟာ တခြားဆေးဝါးတွေထက် ပိုစွမ်းပါတယ်။


(အခုတလောဖတ်ဖြစ်နေတဲ့ "ကိုယ့်ကိုယ်ကို အကောင်းဆက်ဆံနည်း" စာအုပ်ထဲက ဘာသာပြန်ထားတာ ဖြစ်ပါတယ်)

နိုင်းနိုင်းစနေ