နုပျိုမှုကို အစဉ်ထိန်းထားနိုင်စေမည့် အစားအစာ ငါးမျိုး
၁။ ဟင်းနုနယ်ရွက်
မျက်ကွင်းညိုတာကို လျော့နည်းစေတယ်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဟင်းနုနယ်ရွက်မှာ
အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လူတင်းဓာတ် ပါဝင်ပါတယ်။ လူတင်းက
မျက်စိအားကောင်းပြီး ကျန်းမာစေရုံသာမကဘဲ အရေပြားစိုစွတ်မှုနဲ့
ဆွဲဆန့်အားတွေကို ထိန်းထားပေးနိုင်တယ်။ ဖရီးရေဒီကယ်တွေရဲ့ ဖျက်ဆီးမှုမှ
ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်တွေကို လတ်တလော လေ့လာမှုတွေအရ သိရပါတယ်။
ဘယ်လိုအာနိသင်ပေးစွမ်းသလဲ
ဟင်းနုနယ်ရွက်မှာ ဗီတာမင် ကေနဲ့စီတွေ များစွာပါဝင်တာကြောင့်
မျက်လုံးအောက်မှာ ဖြစ်တတ်တဲ့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။
ပင်ပန်းနွမ်းနယ်တာ၊ မျိုးရိုးလိုက်တာ စတဲ့မျက်ကွင်းညိုစေတဲ့
အကြောင်းရင်းတွေ များစွာရှိပေမယ့် အဓိက အကြောင်းကတော့ မျက်လုံးတစ်ဝိုက်
သွေးလှည့်ပတ်မှု နည်းတာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဗီတာမင် ကေနဲ့စီ
များစွာပါဝင်တဲ့ ဟင်းနုနယ်ရွက် စားပေးပါက သွေးလှည့်ပတ်မှု ကောင်းစေပြီး
သွေးကြောနံရံတွေကို အားကောင်းစေပါတယ်။
၂။ ကမာကောင်
အသားအရေ ဖြူဖျော့ဖျော့ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်
ကမာကောင်က သင်ရဲ့အလှတရား ပြီးပြည့်စုံဖို့ အထောက်အပံ့ ပေးပါတယ်။
သင့်အသားအရေက ဖြူတာမျိုးမဟုတ်ဘဲ ဖြူဖျော့ဖျော့ ဖြစ်နေတာ ဒါမှမဟုတ်
မျက်ကွင်းညိုနေတာ ခန္ဓာကိုယ်မှာ ဗီတာမင်ဘီ ၁၂ နဲ့ သံဓာတ်တွေ ချို့တဲ့နေတာ
ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေရင်တော့ သွေးအားနည်း
ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ကမာကောင်မှာ ဗီတာမင်ဘီ ၁၂၊ သံဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့
အာဟာရဓာတ်တွေ ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်တွင်းမှာ သွေးအား
ကောင်းလာစေပါတယ်။ ပင်လယ်ကျောက်ပွင့်၊ ယောက်သွား၊ ခရု စတာတွေကလည်း
ကမာကောင်လိုပဲ အကျိုးများစေပါတယ်။
၃။ ကြက်သွန်ဖြူ
ဝက်ခြံကြောင့် ရောင်ရမ်းခြင်းမှ ကာကွယ်ပေးတယ်
ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင်၊ သွေးတွင်း သန့်ရှင်းစေကြယ်စေတဲ့
အာနိသင်နဲ့ ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးပါတယ်။ ကြက်သွန်ဖြူကို
အိမ်တွင်းမှာ အလွယ်တကူ ရရှိနိုင်ပြီး ဝက်ခြံကုသရာမှာလည်း ထိရောက်မှု
ရှိပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၎။ ထောပတ်သီး
အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးတယ်
ထောပတ်သီးမှာ အဆီများတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့
ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မပြည့်ဝဆီတွေဖြစ်ပြီး အသားအရေကိုလည်း
လှပစေပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ထောပတ်သီးမှာ
အိုမီဂါ-၃ အဆီပါဝင်ပြီး အသားအရေ စိုပြည်စေပါတယ်။ အရေပြား တင်းရင်းစေတဲ့
ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးပြီး အရေးကြောင်း မဖြစ်အောင်
ကာကွယ်ပေးပါတယ်။ ထောပတ်သီးရဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်က
ဝက်ခြံဖြစ်ပွားမှုနဲ့ ဆိုရီရေးစစ် အရေပြားရောဂါ ဖြစ်ပွားမှုကို
လျော့နည်းစေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ဗီတာမင်အီး ပါဝင်တာကြောင့်
အသားအရေ လှပစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။
၅။ ငှက်ပျောသီး
ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ထိန်းညှိပေးတယ်
ခန္ဓာကိုယ်က ရေကို ပြန်ဆွဲထားတာကြောင့် ဝမ်းဗိုက်မှာ လေပွတာကို
ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါတင် မကသေးပါဘူး။ သင့်မျက်နှာ
ဖောင်းအစ်တာ၊ မျက်အိတ်ရောင်တာတွေပါ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ
ပိုတက်စီယမ်နည်းပြီး ဆိုဒီယမ် (ဆား) များနေပါက ခန္ဓာကိုယ်တွင်းက
ပိုလျှံနေတဲ့ရေတွေ အပြင်ပြန်မထွက်ဘဲ ခန္ဓာကိုယ်က ပြန်ဆွဲထားတတ်ပါတယ်။
ငှက်ပျော်သီးက ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပြီး ခန္ဓာကိုယ်မှာ
ရေဆွဲအားကို ထိန်းညှိပေးပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ငှက်ပျောသီး စားပေးပါက
ခန္ဓာကိုယ်မှာ ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပါတယ်။ စတော်ဘယ်ရီသီး၊
ဖရဲသီး၊ သင်္ဘောသီးတွေကနေလည်း ပိုတက်စီယမ်ကို ရရှိနိုင်ပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
ref:Good Health
No comments:
Post a Comment